ကျနော့်နာမည် လူအောင် … အသက် သုံးဆယ့်ငါးနှစ်၊ ဘဝမှာ ပိုင်ဆိုင်တာ ဘာမှမရှိသေးပဲ ဝိုးတိုးဝါးတား ဘဝကို ဖြတ်သန်းနေတဲ့ကောင်ပေါ့။ မိဘက အထိုက်အလျောက် ပိုက်ဆံရှိတဲ့အသိုင်းဝိုင်းထဲကပါပဲ၊ တစ်ကောင်တည်းနေလည်း ခြင်္သေ့ပါကွာဆိုပြီး အိမ်ပေါ်ကဆင်းလာပြီး တစ်ယောက်တည်း တိုက်ခန်းလေးတစ်ခုငှားနေပါတယ်။ အလုပ်အကိုင်ကတော့ Freelance Graphic Designer ပေါ့၊ ကျနော့်ဘာသာ ကျနော် အရမ်းအေးချမ်းခဲ့တဲ့အချိန်တွေ … အိမ်မှာ ဘုရားစင်တောင် မလိုဘူးကွာဆိုပြီး အိပ်စရာ မွေ့ရာတစ်ခုတည်းထားတဲ့ကောင်ပေါ့ …
မကောင်းတာ တစ်ခုက ညတိုင်းအရက်သောက်တာပါပဲ၊ မသောက်တဲ့နေ့မရှိအောင် သောက်တာပေါ့လေ။
တစ်ရက်၊ အိမ်မှာသောက်နေတာ ရိုးလာတာနဲ့ ဆိုင်ထိုင်မယ်ကွာဆိုပြီး ညနေ ငါးနာရီလောက်မှာ ရေမိုးချိုးပြီး ထွက်လာခဲ့တယ်။ အမြည်းကလည်း များများစားစား မစားတတ်တော့ ကြက်ဥဟက်ဖရိုက်နဲ့ သောက်နေကျ မန္တလေးရမ်နဲ့ပဲ သောက်နေခဲ့တာပေါ့။
ရုတ်တရက် ဖုန်းတစ်ခုဝင်လာတယ်၊ Contact မှာ မမှတ်ထားတော့ နာမည်မပေါ်ဘူးပေါ့ … အလုပ်အပ်မယ့်လူလားဆိုပြီး မူးနေပေမယ့် ခေါင်းကိုအကြည်ဆုံးအနေအထားနဲ့ သတိထားပြီး ဖုန်းကိုင်လိုက်တယ် …
“ ကိုလူ … ကျနော် မင်းမင်းပါတဲ့ “
ရုတ်တရက်တော့ စဉ်းစားရတယ်၊ ကျနော့်အသိထဲမှာ မင်းမင်း ဘယ်လောက်ရှိလဲလို့ ကျနော်တောင်မသိဘူး၊ သူက ဆက်ပြောတယ် …
“ ရေဘေး အလှူလုပ်ကြတုန်းက အစ်ကို့အိမ်ထမင်းလိုက်စားဖူးတယ်လေ “ တဲ့ …
“ ဪ … အေး မင်းမင်း မတွေ့တာကြာပြီကွာ၊ ဘာတွေလုပ်နေလဲ “
“ ကျနော် အစ်ကို့ကို ဘီယာဆိုင်ထဲမှာ တွေ့လိုက်လို့ … ကျနော်က ဘတ်စ်ကားပေါ်မှာ “
“ မင်းကလည်း ဆင်းလာလိုက်တာမဟုတ်ဘူး “
“ ကားသွားနေတုန်း မြင်လိုက်တာ အစ်ကို … နောက်မှတ်တိုင် ဆင်းလိုက်မယ်လေ “
“ အေး ဆင်းခဲ့ကွာ၊ ငါလည်း ပျင်းနေတာ “ …
ဖုန်းချသွားတာလား၊ ကျသွားတာလား မသိလို့ ဒီတိုင်းနေလိုက်တယ်၊ ဆယ်မိနစ်လောက်အကြာမှာ …
“ ကိုလူ … ကျနော် လာပြီနော် “
“ ဟ … မသိဘူး မင်းက ဘာမှန်းမသိလို့ ငါက ဖုန်းပြန်စောင့်နေတာ “
“ ဟုတ်တယ် ကိုလူ ကျနော်က မှတ်တိုင်ရောက်လို့ ဆင်းပလိုက်တာ … ပြန်ခေါ်ဖို့ကလည်း ဖုန်းဘေလ်မရှိလို့ “
ကျနော်တို့ အရက်သောက်ရင်း စကားပြောကြတယ်၊ သူက ဒီနေ့ည သင်္ဃန်းကျွန်း စံပြဈေးနားက သူ့ ဘော်ဒါတစ်ယောက်အိမ်မှာ အိပ်မှာဖြစ်ကြောင်း၊ အခုလက်ရှိ လှည်းတန်းနားမှာ အဆောင်ငှားနေကြောင်း၊ အဆောင်ခတွေက ဈေးတက်လာပြီဖြစ်ကြောင်း ပြောတယ်၊ ကျနော်ကလည်း တစ်ယောက်တည်းနေတာဖြစ်ကြောင်း ကုန်ကျစရိတ်သက်သာအောင် ကျနော့်အိမ် လာနေပါလား၊ မင်းလည်းအဆင်ပြေ ငါလည်းအဖော်ရတာပေါ့ကွာလို့ ပြောလိုက်ပါတယ်။
“ ကိုလူ ကျနော် ဒီညတော့ ကျနော့်ဘော်ဒါအိမ်မှာ သွားအိပ်ဦးမယ်၊ ပြောထားပြီးသားမို့လို့ … “
“ အေး ရတယ်လေ … ငါလည်း မင်းကို ခုချက်ခြင်းမခေါ်ပါဘူးဟ “
ကျနော်တို့ ည ကိုးနာရီလောက်မှာ လမ်းခွဲကြပါတယ်၊ မင်းမင်းက ဘတ်စ်ကားမရတော့လို့ တက္ကစီငှားပေးရတယ်၊ သူ့မှာ ပိုက်ဆံနည်းနေလို့ ကားခပါ ရှင်းပေးလိုက်တယ်။
မေ့မေ့ပျောက်ပျောက်ပါပဲ … နှစ်ရက်လောက်ကြာသွားတယ်။ မနက်ခင်း အစောကြီးမှာ ဖုန်းဝင်လာတယ်၊ မင်းမင်း ဖုန်းနံပါတ်ကို မှတ်မထားမိဘူး …
“ ကိုလူ … ကျနော် မင်းမင်း၊ အစ်ကိုနဲ့သောက်တဲ့ အရက်ဆိုင်နားရောက်နေလို့ ကျနော် “
“ ဘာလာလုပ်တာလဲ “
“ ကိုလူပဲ လာနေလို့ ရတယ်ဆို “
“ လဒ ဘာမှလည်း ကြိုမပြောဘူး … ငါလာမယ် … စောင့်ဦး“
မျက်နှာသစ်ပြီး သကောင့်သားကို သွားခေါ်ပေးရတယ်၊ သူက အင်မတန်အသန့်ကြိုက်တာရယ် အသက်လည်း ငယ်သေးတာကြောင့် သူ့ ပစ္စည်းတွေက အရမ်းများတယ်ခံစားရတယ်။ အိမ်ပေါ်ရောက်တော့လည်း …
“ ကိုလူ ကျနော် ဈေးတွေ့ခဲ့တယ်၊ ကျနော်တို့ ဘာချက်ကြမလဲ “
“ ငါတောင် ဘာမှချက်မစားဘူး “
“ ကိုလူ အိုးခွက်ဘာညာတော့ ရှိတယ်မလား “
“ အေး ရှိတယ်လေ “
“ ကျနော် ချက်မယ် “
မင်းမင်းက ဈေးဝယ်တယ်၊ ချက်ပြုတ်တယ် … အာ့လို့နဲ့ ခြောက်လကျော်ကျော် တူတူနေခဲ့ကြတယ်၊ ပိုက်ဆံကတော့ ကျနော်တို့ကြားထဲက ပြဿနာမဟုတ်ခဲ့ဘူး။ မင်းမင်းက လိုအပ်ရင် လာတောင်းသလို ကျနော်ကလည်း တစ်ခါမှ မငြင်းခဲ့ဘူး၊ အိမ်စရိတ်ပဲကိုး …
ခြောက်လကျော်တော့ မင်းမင်းက စပြောပါတယ်၊ သူ လောက်ကိုင်မှာ အလုပ်ရပြီတဲ့ … သူသွားတော့မယ့်အကြောင်းပြောတယ်။ ဪ အေး အဆင်ပြေရင် ကောင်းပါတယ်ပေါ့ …
သူသွားတော့ တကယ် ပျင်းစရာကြီးကွာ … အရက်သောက်ရတာလည်း တစ်ယောက်တည်း … အိမ်မှာ တစ်ယောက်တည်း ပြန်ဖြစ်သွားတော့ ဟင်းချက်တာဘာညာလည်း မလုပ်ဖြစ်တော့ဘူးပေါ့ …
တစ်လလောက်ကြာသွားတယ်၊ အရေးကြီး အလုပ်ကိစ္စ အပြင်သွားရတယ်ပေါ့ … Client က ဖုန်းဆက်လို့ မနက်တည်းက ညနေခြောက်နာရီထိကြာတယ်၊ လူက အတော်နုန်းသွားတယ်၊ Client က ကိုလူရေ ဆောရီးပါ ကျနော်တို့ ဘီယာသွားသောက်ရအောင်လေ ဆိုလို့ ပျော်ပြီးလိုက်သွားတာပေါ့ … ဘီယာဆိုင်၊ KTV၊ စုစုပေါင်း ငါးနေရာလောက် ပြောင်းအပြီးမှာ … ကိုယ့်ဘာကို ဘာမှန်း မသိတော့ဘူး …
မဖြစ်မနေ အိမ်ပြန်မယ်ပြောလို့ အိမ်ပြန်လိုက်ပို့ကြတယ်။
တိုက်ခန်းတံခါး ဖွင့်တဲ့အချိန်မှာ သော့ခလောက်က အပြင်ကခတ်ထားတာ မဟုတ်တော့တာ သတိထားမိလိုက်တယ်၊ အတွင်းက ခတ်ထားတဲ့ပုံစံ … ကိုယ်ပဲ မှားခတ်မိတာလားလို့ အတင်းဖွင့်ဖို့ ကြိုးစားနေရင်း အတွင်းကနေ လက်တစ်စုံက သော့ကို ဖွင့်နေတာ မြင်လိုက်တယ်၊ (လိုက်ကာကို အပြည့်ကာထားလို့ သော့ဖွင့်တဲ့ အပေါက်ကနေ ကြည့်လို့မရဘူး) …
သော့ပွင့်ပွင့်ချင်း မဝင်ရဲဘူး … အခန်းရှေ့ကနေ ဘယ်သူလဲ ဘယ်သူလဲပဲ အော်နေတာ …
အမျိုးသားတစ်ယောက်ထွက်လာပြီး ကိုလူ ဘာလုပ်နေတာလဲ ဝင်လေဗျာတဲ့ ….
မင်းမင်းပါ …
ကျနော်လည်း တွေဝေသွားတယ် …
“ မင်း လောက်ကိုင်သွားတာဆို “
“ ပြန်လာတာလေ “
“ ဖုန်းအရင်မဆက်ပြန်ဘူး “
“ ကျနော့်ဖုန်းက ဘယ်တုန်းကဆက်လို့ရလို့လဲ “
“ အိမ်သော့အပိုကို မင်းပြန်ပေးသွားတယ်ထင်နေတာ “
“ ကျနော် ပေးသွားပါတယ် “
“ အာ့ဆို မင်းက ဘယ်ကဝင်လာတာတုန်း “
“ ကျနော့်မှာ ထပ်ပွားတာရှိသေးတယ်လေ အစ်ကိုပဲပွားပေးထားတာ “
“ လဒရယ် ငါမသိဘူးလေ “
သောက်လာမှန်းသိလို့ သူက အိပ်ရာထဲအထိလိုက်ပို့ပေးတယ်၊ ဘီယာကို ပါဆယ်ဝယ်လာသေးလို့ ငါအဲဒါလေးသောက်လိုက်ဦးမယ်ဆိုပြီး သောက်နေလိုက်တယ် … သူလည်း သူ့ဘာသာအိပ်ပြီလေဆိုပြီး ကိုယ့်အိပ်ရာ ဝင်ခဲ့လိုက်တယ်။
မနက် သုံးနာရီ …
ဖုန်းဝင်လာလို့ ကိုင်လိုက်တယ်၊
“ သားရေ အန်တီလည်း ခုနကမှသိတာ၊ မင်းမင်း ဆုံးတာ …” အာ့နောက်က စကားတွေမကြားတော့ … ဘေးဘက်အိပ်ရာမှာ အိပ်နေတာ ဘယ်သူကြီးလဲ ??? လူက မူးနေတာနဲ့ ဘာမှ ထပ်မစဉ်းစားတော့ဘူး ပြန်အိပ်လိုက်တယ်။
မနက် ငါးနာရီမှာ အိပ်ရာနိုးလာတယ်၊ မင်းမင်းဆုံးတာ တကယ်လား? သူ့အမေဖုန်းဆက်တာကရော တကယ်လား? ဖုန်းကို ကြည့်လိုက်တော့ မက်ဆင်ဂျာမှာ မင်းမင်းဆုံးသွားကြောင်း လာပြောထားတဲ့မက်ဆေ့ကို တွေ့လိုက်တယ်၊
ဝမ်းနည်းသွားတယ်၊ ညီအစ်ကိုလို ပေါင်းခဲ့တဲ့သူလေ … ဘာမှန်းမသိ သေသွားတော့ …
တဆက်တည်းပါပဲ … ဪ … ငါညက အိပ်မက်မက်နေတာပေါ့
မျက်နှာသစ်ဖို့ အခန်းပြင်ထွက်ပြီး ကိုယ်လက် အကြောလျှော့ဘာညာလုပ်တာပေါ့ …
အသံကြားတဲ့ဘက်ကို လှည့်ကြည့်မိတာ … အပြုံးချိုချိုနဲ့ ကောင် မင်သေသေနဲ့ မေးတာ
“ အစ်ကို မနက်စာ စားမှာလား “