ဟိုဘက်အခန်းက ပုဂ္ဂိုလ်ကို ကျနော် သတိထားမိတာမကြာသေးဘူး၊ အိမ်ပြောင်းပြီး နှစ်ပတ်လောက်မှာမှ သူ့ကိုစသတိထားမိတာ။ သူက အမြဲတမ်း ညှိုးငယ်တဲ့မျက်နှာပေးနဲ့ ကျုပ်ကို ကြည့်ကြည့်နေတာ …
သူ့ကိုလည်း အစကသတိမထားမိပါဘူး။ ကိုယ်က တစ်ယောက်တည်းနေတယ်လို့ပြောပေမယ့် လာနေပေးတဲ့ သူငယ်ချင်းရှိတယ်။ သန်လျင်မှာနေတဲ့ သူငယ်ချင်းတစ်ယောက်က လာလာနေပေးတယ်၊ ဒါပေမယ့် … တခါတလေ တစ်ယောက်တည်းနေရတာလည်းရှိတာပေါ့။ တစ်ယောက်တည်းရှိနေတဲ့ တစ်ရက် … ညဘက် ဘီယာသွားဝယ်ပြီးပြန်လာမှ သူ့ကို စတွေ့တာ … သူ့မျက်နှာက ဖြူဖတ်ဖြူရော်လားလည်းမဟုတ်ဘူး၊ ဒါဏ်ရာတွေနဲ့လည်းမဟုတ် … သူ့ဘာသာ စိတ်ပျက်အားငယ်နေတဲ့ရုပ်၊ ဘော်ဒါတွေအချင်းချင်း ပြောသလိုဆိုရင် လီးဖြစ်နေတဲ့ရုပ်လိုပဲ … ဘယ်လို အကုသိုလ်ကောင်လဲဟလို့တောင် တွေးမိသေးတယ်။ ကိုယ်တွေလို အချိန်ပြည့် တိုင်ပတ်နေတဲ့ကောင်တောင် သူ့လောက် စိတ်ဆင်းရဲတဲ့ လက္ခဏာမတွေ့ဘူး။ ဒါပေမယ့် သူ့ကိုမြင်တိုင်း မမြင်ချင်ယောင်ဆောင်မိတယ်။ နှုတ်လည်းမဆက်ဘူး၊ သူ့ရဲ့စောက်ပြဿနာတွေကို သိလည်းမသိချင်ဘူးလေ။
နောက်ပိုင်းကျတော့ အာ့ဘဲက ကျုပ်ကိုစကားပြောချင်တဲ့ပုံပေါက်လာတယ် ထင်တယ်၊ ရယ်ပြတယ်။ အနှစ်နှစ်အလလ သွားမတိုက်ထားတဲ့ စောက်ခွက်နဲ့၊ သူ့သွားတွေက မည်းတူးနေတာလေ၊ မြင်ပါများတော့လည်း ပြန်ရယ်ပြမိတယ်။ အာ့လိုနဲ့ သူနဲ့ကိုယ်နဲ့ ခဏခဏ မျက်နှာချင်းဆိုင်ဖြစ်ကြတယ်။
တစ်ခေါက်တုန်းက ညကြီးမိုးချုပ် … ကျုပ်မွေးထားတဲ့ ကြောင်နဲ့ယုန်က ပြဿနာထတက်နေတာပေါ့၊ အာ့အချိန် အုန်းအုန်းဒိုင်းဒိုင်းနဲ့ အိမ်ထဲဆူနေလို့ နိုးလာတာ၊ အာ့နှစ်ကောင်ကို အပြင်မှာ နှစ်ကောင်လွှတ်ထားလို့မရဘူး။ ယုန်ကို ကြောင်မလေးကမျက်စိနောက်ပေမယ့် ယုန်လေးကိုချစ်ရှာတယ်၊ လျှာနဲ့လျက်ပေးတယ် ဆော့ပေးတယ်၊ တခါတလေ အခန့်မသင့်ရင်တော့ ဝူးဝါးလုပ်တတ်တာပေါ့လေ၊ ကိုက်တဲ့အထိတော့မဖြစ်ဖူးပါဘူး။ အဲဒီအချိန်မှာ သူတို့ကို ဖြန်ဖြည်နေတာ ဟိုဘက်အခန်းက ပုဂ္ဂိုလ်ပေါ့ … ကျေးဇူးနော်ဆရာကြီးလို့ပြောလိုက်တော့ သူက နားမလည်သလိုကြည့်သေးတယ်။ စိတ်လည်း သိပ်စိတ်မဝင်စားလို့ အေးဆေးပဲနေလိုက်တယ်။ သူ့ကြည့်ရတာ တခုခုပြောချင်နေတဲ့ပုံနဲ့ …
မနေ့တစ်နေ့က ကျုပ်တစ်ယောက်တည်းရှိနေတဲ့အချိန် အခန်းတံခါးလာခေါက်တယ်၊ မီးပိတ်ထားတော့ ကျုပ်လည်းမီးဖွင့်ပြီး အခန်းတံခါးဖွင့်လိုက်တယ်၊ အာ့ဘဲက တံခါးဝမှာရပ်ပြီး စကားပြောလို့ရလားတဲ့ … ကျုပ်ကလည်း လီးလား နာရီကြည့်ဦးဟလို့ ပြောလိုက်တယ်၊ အဲဒါကို အာ့ဘဲက ခများထရမယ့်အချိန်မို့ လာနှိုးတာတဲ့ အလုပ်ရှိတယ်လို့ သူ့ကိုပြောထားလို့တဲ့ … WTF! ကျနော်ကြောင်သွားတယ်၊ နိုးလာတယ်၊ အခန်းဝမှာ မတ်တပ်ကြီး … ဘယ်သူမှလည်းမရှိဘူး၊ ကျနော်နဲ့ တစ်အိမ်တည်းမှာနေတဲ့ ဘေးအခန်းက သူငယ်ချင်းကလည်း သန်လျင်ခဏပြန်သွားတာ သုံးရက်လောက်ရှိပြီလေ …
(ဟိုဘက်အခန်းဆိုတာ ကျနော်အခုနေတဲ့ တိုက်ခန်းထဲက ကျနော့်အိပ်ခန်းကပ်လျက်က အိပ်ခန်းပါ)
အိပ်မက်လှလှမက်ကြပါစေ …